
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မမှူး၊ တပ်ရင်းမှူးများ အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၉ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် ဂွမြို့မကျရေး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁,၂၀၀ ကျော်အပြင် ရေကြောင်း နှင့် လေ ကြောင်းတို့ဖြင့် အသည်းအသန် ခုခံခဲ့သော်လည်း AA ၏ ထိုးစစ်ကို တောင့်မခံနိုင်ဘဲ ထိုးစစ်စတင်ပြီး နှစ်ပတ်အကြာတွင် လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။
AA သည် ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ ဂွမြို့အခြေစိုက် ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် အဆိုပါ တပ်ရင်း နှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တရက်တည်း သိမ်း ပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ဂွမြို့သို့စစ်ကူလာသော တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း၊ တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၄) တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်း နှင့် ခမရ (၂၁၇) တပ်ရင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ် ရင်း၊ ခလရ (၂၇၁) တပ်ရင်းနှင့် ခမရ (၃၀၈) တပ်ရင်းတို့ကိုလည်း AA က မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
တိုက်ပွဲအတွင်း တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူးများ၊ အခြားအဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အများသေဆုံးခဲ့သည့်အပြင် တိုက်ပွဲအတွင်း ပျက်စီးသွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းများနှင့် သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့သည်ဟု AA က ပြောထားသည်။
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား စစ်ဆေးချက်အရ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ် မှူးကြီး ကျော်ဇင်ထိုက် တို့ဖြင့် AA ၏ ထိုးစစ်အား သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ (၁၀) စီး၊ စစ်ကူအမြောက်အများဖြင့် ခုခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဂွမြို့သိမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော် AA ဘက်မှလည်း အထိအခိုက် အကျအဆုံးများ ရှိခဲ့သည်ဟု သိရသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မြို့တော် စစ်တွေနှင့် ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့သာ သိမ်းပိုက်ရန် ကျန်တော့သည်။